Local News

ဖီးကြမ်းငှက်ပျောသီး ဈေးနှုန်းဈေးကွက်

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ဒေသအတွင်း စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ပြီး  ဥယျာဉ်ခြံ စိုက်ပျိုးလုပ်ကိုင်ရာတွင် ရာသီစာဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြသလို ဖီးကြမ်းငှက်ပျောကိုလည်း အများအပြား စိုက်ပျိုးကြကြောင်း သိရှိရသည်။
ငှက်ပျောသီးကို ငှက်ပျောသီးမှည့်အဖြစ်လည်း စားသုံးသလို၊ ငှက်ပျောသီးကြော်၊ ငှက်ပျောရွှေကြည်၊ ငှက်ပျောယို၊ ငှက်ပျောခြောက်၊ ငှက်ပျောပူတင်း အစရှိသော သရေစာများ လုပ်၍လည်း စားသုံးနိုင်ပါသည်။ ငှက်ပျောသီးမှည့်ကို ရှေ့လူကြီးများ အဆိုအရ မနက်ငှက်ပျော ညသင်္ဘောဆိုသလို မနက်စာ ဖီးကြမ်းငှက်ပျောသီးမှည့်တစ်လုံးကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကို များစွာအထောက်အကူပြုပြီး ကိုယ်ခံအားကောင်းစေပါသည်။ အစာအုပ်စု (၃) စုအနက် အာဟာရ ပြည့်ဝသည့် အစာအုပ်စုတွင်ပါဝင်ပြီး အမျှင်ဓါတ်ပါရှိ၍ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါ သည်။ ဖီးကြမ်းငှက်ပျောသီးတစ်လုံးကို နေ့စဉ်စားသုံးပေးပါက ခန္ဓာကိုယ်အတွင်းရှိ မလိုအပ်သော အဆီပိုများကို လျော့ကျစေသည့်အပြင် ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရောဂါများမဖြစ်စေရန် ကာကွယ်ပေးပါသည်။ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းရှိ အုန်း၊ ငှက်ပျောရောင်းဝယ်ရေးဆိုင်များတွင် ငှက်ပျောတစ်ဖီးလျှင် ကျပ် (၂၈၀၀-၃၅၀၀) ဖြင့် ရောင်းချပြီး ဖီးကြမ်းငှက်ပျောသီးကို ဈေးကွက်အတွင်းတွင် အဖီးလိုက်၊ အခိုင်လိုက် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

Doca(စစ်ကိုင်း)
source: https://www.doca.gov.mm

Category: Local News